အုတ်တွင်း ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(အုတ်တွင်း)ကျောင်းနှင့် မြို့မစျေးကြီးတို့တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တောင်ငူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းသီရိကျော်က စွန့်ပစ်ပစ္စည်းများ၏ ညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်းဖြင့် ညစ်ညမ်းမှုအန္တရာယ်ကို လျော့ကျစေနိုင်ပြီး လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်ရရှိစေရေးအတွက် အမှိုက်များအား အမျိုးအစားခွဲ၍ စနစ်တကျခွဲခြား စွန့်ပစ်ခြင်းကို အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြမှုများပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့် အဖွဲ့ဝင်များ၊ တောင်ငူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)