ဒေးဒရဲမြို့နယ်၌ လူငယ်များစာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ဒေးဒရဲ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက် (၁၁) နာရီက ဒုံရမ်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက်စာကြည့်တိုက်များနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှု၍ အချိန်ကိုအကျိုးစွာ အသုံးချနိုင်စေရေး၊ စာအုပ်စာပေလေ့လာခြင်းအားဖြင့် အသိဥာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့်မိမိလူမျိုးကိုအကျိုးပြုနိုင်မည့် လူငယ်များဖြစ်ပေါ်လာစေရေးအတွက် အခြေခံပညာ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များပြသခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ပြီး လူငယ်နှင့်ကိုယ်ကျင့် တရားခေါင်းစဥ်ဖြင့် အသိပညာ​ပေးဟောပြောခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ပလပ်စတစ်၏ဆိုကျိုးများ အကြောင်းအရာပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့်  အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း