ဖြူး ဇွန် ၂၄
တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ဖြူးမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး၍ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က အဆိုပါကျောင်းတွင် ပြုလုပ်သည်။
ဦးစွာ တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာထွေး၊ ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်တို့က ငလျင်ဘေးအန္တရာယ် ကျရောက်နေချိန်တွင် စနစ်တကျ တုံ့ပြန်ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးအန္တရာယ် ကြုံတွေ့လာပါက စာသင်ခန်းအတွင်း ဝပ်၊ ကာ၊ ကိုင်ပုံစံဖြင့် နေထိုင်ခြင်း၊ ငလျင်ဘေးလွတ်ကင်းနေရာသို့ ပြေးထွက်နေရာယူခြင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိခြင်း၊ ပိတ်မိနေသူများအား ရှာဖွေကယ်ထုတ်ခြင်း၊ ဒဏ်ရာရှိသူများအား ရှေးဦးသူနာပြုစုခြင်း စသည့်အစီအစဉ်များကို သရုပ်ပြသလေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)