မြိတ်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်

မြိတ် ဇွန်  ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂ဝ၂၅) သင်တန်းဖွင့်ပွဲကို စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

သင်တန်းကို အုပ်ချုပ်ရေးလုပ်ငန်းများတွင် အခြေခံကျသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ပြီး လုပ်ငန်းများ လွယ်ကူမြန်ဆန်လာစေရန်နှင့် စွမ်းဆောင်ရည်ပြည့်ဝသော အုပ်ချုပ်ရေးဝန်ထမ်းကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်း ဖြစ်သည်။ 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်ဟိန်းကျော်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး  ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းမင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ သင်တန်းစတင်ခဲ့သည်။

သင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စာရေးဝန်ထမ်း(၃၄)ဦး တက်ရောက်ခဲ့ကြပြီး ဇွန်လ(၂၃)ရက်မှ(၂၇)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ ဌာနဆိုင်ရာ(၁၉)ဌာနမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)