ပေါင်းတည်၌ အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာငွေများ ထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ဆောင်ရွက်

ပေါင်းတည် ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ဇွန်လပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် ၆ နာရီမှစတင်၍ ပုံမှန်ထုတ်ပေးခဲ့သည်။

ယနေ့တွင် ပေါင်းတည်မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံရေးပင်စင်စား ၃၁ ဦး၊ ကာကွယ်ရေးပင်စင်စား ၁၆၆ ဦး၊ မြို့ပြပင်စင်စား ၃၄၀ ဦး၊ ရဲတပ်ဖွဲ့ပင်စင်စား ၃၂ ဦးနှင့် အခြားပင်စင်စား ၈ ဦး၊ စုစုပေါင်း ၅၇၇ ဦးအား ပင်စင်လစာငွေများထုတ်ပေးခဲ့ကြောင်း၊ ပင်စင်စား နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက မိသားစုဝင်တစ်ဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း သိရသည်။

ယနေ့တွင် အဆိုပါ နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းဟောင်းများအား ကျန်းမာတက်ကြွသည့် လူကြီးဘဝ ရရှိခံစားနိုင်စေရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၌ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်က အနီးကပ်ကြီးကြပ်ကာ အခမဲ့ ကျန်းမာရေးအခြေအနေ စမ်းသပ်စစ်ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများပေးခြင်း၊ ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ခြင်းများဖြင့် လစဉ်ပုံမှန်နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စားများအား ဆက်လက်ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

ရွှေသား (IPRD)