သရက်ချောင်း ဇွန် ၂၄
တနင်္သာရီကြီးဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက သရက်ချောင်းမြို့၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ရဲမှူးခင်မောင်လွင်က အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်မိုးမိုးအေးက အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ တားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း၊ တိုင်ကြားနိုင်သည့်ဖြစ်ရပ်များ၊ ၂၄ နာရီ Help Line ဝန်ဆောင်မှုလုပ်ငန်းများ၊ အမျိုးသားအဆင့်တိုင်ကြားမှုနည်းလမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်ချက် များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း လုပ်ဆောင်ချက်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)