မြဝတီမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲကျင်းပ

မြဝတီ        ဇွန်        ၂၄

ကရင်ပြည်နယ် မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ပူးပေါင်း၍ ဇွန် ၂၃ ရက် နံနက် ၁၀ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက တစ်မျိုးသားလုံးမူးယစ်အန္တရာယ်ကင်းစင်ဖို့ ဝိုင်းဝန်းကာကွယ်တားဆီးစို့ခေါင်းစဉ်ဖြင့် ယနေ့ကမ္ဘာနှင့်အဝန်းတွင် လူငယ်ထုတစ်ရပ်လုံးမှာ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကြုံတွေ့နေရပြီး မူးယစ်ဆေးဝါးကို အလွယ်တကူဝယ်ယူသုံးစွဲနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာနိုင်သည့် ဆိုးကျိုးအန္တရာယ်အကြောင်း သိကောင်းစရာများအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာပေများဖတ်ရှုစေလိုကြောင်း ဟောပြောပေးခြင်း၊ မူးယစ်ဆေးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ကရင်ပြည်နယ်အသင်းခွဲဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းတို့သည် ကမ္ဘာ့နိုင်ငံအသီးသီးမှ လူသားများ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်နေပြီဖြစ်ကြောင်း မူးယစ်ဆေးဝါးအသုံးချမှုများကို အမြစ်ပြတ်သည်အထိတိုက်ဖျက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဝိုင်းဝန်းကူညီကြရန် ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်(၁)မှ ဒုရဲမှူး သက်ဇော်ထွန်းက မူးယစ် ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကာကွယ်တားဆီးရန် လိုအပ်သကဲ့သို့ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများ၊ ယနေ့ဖြစ်ပေါ်နေသဖြင့် တားဆီးကာကွယ်မှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ခေတ် လူငယ်များအနေဖြင့် အယုံမလွယ်မိစေရန်စသည့် အသိပညာဗဟုသုတရရှိစေရန် ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဗဟုသုတဉာဏ်စမ်းပဟေဠိမေးခွန်းများမေးမြန်းခဲ့ကြပြီး ဆုများချီးမြှင့်ပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံများ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်/ပြန်ဆက်