မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အကြိုစာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသူများအား ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာအမျိုးသမီးများနေ့ကို ဇူလိုင်လ (၃) ရက်နေ့တွင် ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ အမျိုးသမီးများ၏ စွမ်းဆာင်မှုများကို ဂုဏ်ပြုရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ရခြင်းမှာ ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဖွဲ့စည်းခဲ့သည့်နေ့ကိုအစွဲပြု၍ သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်ကတရုတ်နိုင်ငံပေကျင်းမြို့တွင် ကျင်းပခဲ့သော စတုတ္ထကမ္ဘာအမျိုးသမီးညီလာခံ၏ ဘေဂျင်းကြေညာစာတမ်းအရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးများ၏ အခွင့်အရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ကျား/မ တန်းတူရေးနှင့် အကြမ်းဖက်မှု ကာကွယ်ရေးတို့ကိုအားပေးရန် ရည်ရွယ်ပြီး အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ရခြင်း ဖြစ်ကြောင်း၊ အောင်မြင်သော အမျိုးသမီးများ၊ ထူးချွန်သော၊ ဦးဆောင်နိုင်သော အမျိုးသမီးများ ဖြစ်စေရေးအတွက် ငယ်စဥ်အခါမှစတင်ပြီး မိဘ/ဆရာများနှင့် ပူးပေါင်းကာ လေ့ကျင့်ပေးမှသာလျှင် နောင်တခေတ်တွင်ထူးချွန်သောအမျိုးသမီးများဖြစ်လာနိုင်ရန် ပြုစုပျိုးထောင် ပေးကြရန် လိုအပ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့က စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိခဲ့သည့် ကျောင်းသူလေးများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင်