သရက်ချောင်း ဇွန် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မိဘအသိပညာပေးဟောပြောပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက ကလေး/သူငယ်များ၏ မိဘများအား မိမိတို့လူမှုဝန်ထမ်းဦးစီးဌာန ၏ လုပ်ငန်းစဉ်နှင့် လုပ်ဆောင်ချက်များအကြောင်း၊ ကျား/မရေးရာအား ကဏ္ဍစုံတွင်ထည့်သွင်းစဉ်းစားရာတွင် ပါဝင်သည့်အကြောင်းအရာများ၊ အမျိုးသမီးများအပေါ်အခြေခံမည့် အဓိကလုပ်ငန်းနယ်ပယ်များနှင့် ရည်ရွယ်ချက်များ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာဆောင်ရွက်မှု၊ ကျား/မအခြေပြုအကြမ်းဖက်ခံရသူများသို့ ဝန်ဆောင်မှုများနှင့်တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ ကလေး/သူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းဆောင်ရည်များအကြောင်းနှင့် မိဘများအနေဖြင့်လည်း ကလေး/သူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုစွမ်းဆောင်ရည်မြင့်မားလာအောင် ဝိုင်းဝန်းပံ့ပိုးပေးစေလိုကြောင်း အသိပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်သဉ္ဇာသိန်းဝင်းက သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနည်းလမ်းများအကြောင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ စွန့်/မြှုပ် ရှင်း၊ မှုတ် စကားလုံးအရှည်ကောက် အဓိပ္ပါယ်များကို ရှင်းလင်းခြင်း၊ ရေကန်၊ ရေစည်၊ ရေပုံး၊ ရေအိုးစသည့်ပစ္စည်းများတွင် အဘိတ်ဆေးခတ်ရမည့် အတိုင်းအတာများအကြောင်း၊ မိဘများအနေဖြင့် မိမိအိမ်ရှိ မိသားစုဝင်များ၊ အိမ်နီးနားချင်းများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာဆေးရုံး၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ရန် စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမက ကလေးသူငယ်များ၏ မိဘများအား အဘိတ်ခတ်ဆေးများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)