ပေါင်းတည်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ပေါင်းတည် ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇွန်လ ၁၉ ရက်နေ့က ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန စာကြည့်တိုက်မှူး ဒုတိယဦးစီးမှူး ဒေါ်နှင်းနုနွယ်က မူးယစ်ဆေးဝါးဆိုးကျိုးများကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့သည်။

ယင်းနောက် မူလတန်းကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများနှင့် တက်ရောက်လာကြသော မူလတန်းကျောင်းသား၊ ကျောင်းသူ ၂၀ ဦးတို့အား ဂုဏ်ပြုဆုနှင့်ဗလာစာအုပ်များ ချီးမြှင့်ပေးအပ်ကြသည်။

ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ရွှေသား(IPRD)