ဘားအံ ဇွန် ၂၄
ပိုက်ကျော်ခြင်းအားကစားနည်းဖြင့် ပြည်နယ်/နိုင်ငံ၏ဂုဏ်ကို ထိန်းသိမ်းမြှင့်တင် ဂုဏ်ဆောင်ပေးနိုင်သော ထူးချွန်ထက်မြတ်သည့် ရွက်ပုန်းသီးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပသည့် ၂၀၂၅ ခုနှစ် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၂၄ ရက် နံနက် ၉ နာရီက ဘားအံမြို့ လှာကမြင်ကွက်သစ် ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ဇွန် ၂၀ ရက်မှ စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း ခုနစ်သင်း၊ အားကစားသမား ၉၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့် လှိုင်းဘွဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပိုက်ကျော်ခြင်း အားကစားဝါသနာရှင်များ၊ ဒေသခံပြည်သူများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံမြို့နယ် အမျိုးသားပိုက်ကျော်ခြင်းအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များက အမျိုးသမီးပြိုင်ပွဲ အကောင်းဆုံးအားကစားသမားဆု၊ အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင် ဆုရရှိကြသည့်အသင်းများ၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် ဒုတိယနှင့်တတိယဆုရရှိသည့်အသင်းများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသားပြိုင်ပွဲအကောင်းဆုံးအားကစားသမားဆု၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆု၊ အမျိုးသားလေးယောက်တွဲပြိုင်ပွဲ ဒုတိယနှင့်တတိယဆု ရရှိသည့်အသင်းများကို တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားနှင့်ဆုဖလားများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နှင့် ပြည်နယ်မိခင်နှင့်စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယက က အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ဘားအံမြို့နယ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုငွေငါးသိန်းကျပ်နှင့်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုငွေငါးသိန်းကျပ်နှင့် ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အားကစားသမားများအား ရင်းရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)