ကန်ကြီးထောင့် ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကို ဇွန်လ(၂၃)ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က ကျွန်းလျားရှည်ကျေးရွာအုပ်စု၊ ကျွန်းလျားရှည်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် တာဝန်ရှိသူများက ကော်ဖီပျိုးပင်များအား အသီးသီးပေးအပ်ခဲ့ကြရာ ဒေသခံတာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ထို့နောက် ကျွန်းလျားရှည်ကျေးရွာအုပ်စု၊ ကျွန်းလျားရှည် ကျေးရွာ၊ နတ်ပြည်ချောကွင်းရှိ ကွင်းအမှတ်-၄၁၊ တောင်သူဦးဆန်းတင့်မောင်၏ လယ်ဧက(၁၀)ဧကတွင် တစ်ဧကလျင်(၄၃၅)ပင်နှုန်းဖြင့် ကော်ဖီပျိုးပင်စုစုပေါင်း(၄၃၅၀)ပင်အား စိုက်ပျိုးခဲ့ကြသည်။ ကန်ကြီးထောင့် မြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ကော်ဖီပျိုးပင် စိုက်ပျိုးရန်လျာထားဧက(၁၀၆)ဧကရှိပြီး(၁၈)ဧက အားစိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ရာ လျာထားဧကပြည့်မီရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဝင်များ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)