မော်လမြိုင်ကျွန်း ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မယ်တလိုင်းကျေးရွာ၌ Drum seeder ဖြင့်စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က မယ်တလိုင်းကျေးရွာ လယ်မြေ၌ ကျင်းပသည်။
ထိုနောက် မယ်တလိုင်းကျေးရွာ၊ ကွင်းအကွက် အမှတ်(၁၂၂၅)၊ ဦးပိုင်အမှတ် (၂၉) တောင်သူဦးလှဝင်းထွန်း၏ လယ်မြေ(၂)ဧကတွင် ပေါ်ဆန်ရင်း စပါးအား Drum seeder ဖြင့် စိုက်ပျိုးရန်စီစဥ်ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက်မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းကြောင့် ကြဲခင်းထက် မျိုးစေ့နှုန်းထားလျှော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာစေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးစောစီးစွာ ရရှိနိုင်ခြင်း၊ ရေကြီးနှစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေခြင်း၊ အသုံးပြုမြေဩဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်း၊ ရေကိုပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှုမရှိခြင်း စသည့် အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)