ထားဝယ် ဇွန် ၂၄
၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ထားဝယ်ခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများအား သွင်းအားစုများ၊ ကိုကိုး၊ ကော်ဖီပျိုးပင်များ ပေးအပ်ခြင်းနှင့် လက်ဆွဲမျိုးစေ့ချ ကိရိယာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုကနိုင်ငံတော်အနေအစိုးရအနေဖြင့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းများရရှိရေး အလေးပေးဆောင်ရွက်လျက်ရှိရာ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရေး၊ မြေ စနစ်တကျပြုပြင်ခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများအချိန်ကိုက် အချိုးကျ စနစ်တကျသုံးစွဲ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေးစသည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသော နည်းလမ်း (၄)သွယ်ပြည့်စုံကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးတွင် ဒေသဝမ်းစာဖူလုံရေးအတွက် သီးနှံများပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့်တစ်ဧက အထွက်နှုန်းတိုးတက်ရေးကို ဦးတည်ဆောင်ရွက် လျက်ရှိကြောင်း၊ ထားဝယ်ခရိုင်အနေဖြင့် ဒေသဝမ်းစာဖူလုံမှု (၈၇.၅၂) ရာခိုင်နှုန်းသာ ရှိသောကြောင့် ခရိုင်/မြို့နယ်အလိုက် ဖူလုံမှုရာခိုင်နှုန်း တိုးတက်ရရှိမှသာလျှင် တိုင်းဒေသကြီးတစ်ခုလုံး၏ဒေသဝမ်းစာ ဖူလုံမှုတိုးတက်လာမှာဖြစ်သည့်အတွက် မိမိတို့ဒေသ၏သီးနှံများ တစ်ဧကအထွက်နှုန်းတိုးတက်ရန် အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မိုးစပါးစိုက်ပျိုးနေသည့်အချိန်ကာလတွင် ရေ၊ မြေဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်မျိုးစေ့များ၊ အရည်အသွေးပြည့်မီသော သွင်းအားစုများ၊ ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးနည်းစနစ်များဖြင့် မှန်ကန်စွာ စိုက်ပျိုးဆောင် ရွက်နိုင်မှသာ အထွက်ကောင်းသည့် ရလဒ်များ ရရှိနိုင်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင်ဈေးကွက်ဝင် အမယ်သစ်သီးနှံများဖြစ်သည့် ကိုကိုး၊ ကော်ဖီစသောသီးနှံများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး တိုးချဲ့စိုက်ပျိုးရန်ဆောင်ရွက်လျက်ရှိကြောင်း၊ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် ကိုကိုးကော်ဖီ ပျိုးပင်များကို တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ တောင်သူများ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ရှေးရှုဆောင်ရွက်တာဖြစ်သည့်အတွက် ယနေ့ပေးအပ်သော သွင်းအားစုများကို တောင်သူများအနေဖြင့်ထိမိစွာအသုံးချပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးကို ဦးတည်ဆောင်ရွက်ရန် လိုအပ်သလို သီးထပ်၊ သီးညှပ်ဧကများတိုး တက်ရရှိကာ သီးထပ်စွမ်းအားတိုးတက်နိုင်ရန် ဆထက်ထမ်းပိုးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ တွန်းအားပေးကူညီဆောင်ရွက်လျက်ရှိသလို စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားအောင်ဆောင်ရွက်သည့် တောင်သူများက အင်တိုက်အားတိုက် ကြိုးစား ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက်အကျိုးပြုသလို တောင်သူများ၏ လူမှုစီးပွား ဘဝများလည်း မြင့်မားလာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထိုက်က ထားဝယ်ခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများအား သွင်းအားစုများ၊ကိုကိုး၊ကော်ဖီပျိုးပင်များ ပေးအပ်ခြင်း၊ လက်ဆွဲမျိုး စေ့ချကိရိယာများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ထားဝယ်ခရိုင်အတွင်းရှိ အကျိုးဆောင် တောင်သူများအား သွင်းအားစုများ ပေးအပ်ခြင်း၊ လက်ဆွဲမျိုးစေ့ချကိရိယာများနှင့် ကိုကိုးကော်ဖီပျိုးပင်များ အခမဲ့ပေးအပ်ပြီး မိုးစပါးစိုက် အကျိုးဆောင် တောင်သူတစ်ဦးကကျေး ဇူးတင်စကားပြောကြားသည်။
ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အကျိုးဆောင်တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ခင်းကျင်း ပြသထားသည့် သွင်းအားစုများအား ကြည့်ရှုအားပေးကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)