တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅)သို့တက်ရောက်

ထားဝယ် ဇွန် ၂၄

တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅)ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင်  တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက  တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ဒေသတွင်းရှိ ခရီးစဉ်နေရာအသီးသီးတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍစနစ်တကျ ဖွံ့ဖြိုးတိုးတက်နိုင်စေရန်အတွက်ရည်ရွယ်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ပြုလုပ်နိုင်ခဲ့သည်မှာ (၁၉)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ဟိုတယ်စီမံကိန်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်တည်ဆောက် ခွင့်ပြု (၁၅)ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်အသစ်(၁၄)ခု၊ အဆင့်မြင့် တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်အသစ်(၃)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အသစ် (၃၀)ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်အသစ်(၃)ခု၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင် (၅၅)ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း (၄၂) ခု၊ အဆင့်မြင့်တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းအတွက် ခွင့်ပြု(၁၀)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင်သက်တမ်းတိုးခြင်း(၃၆)ခု၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင်သက် တမ်းတိုးခြင်း(၈၄) ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊  တိုင်းဒေသကြီးတွင်အဓိက အားထားရသည့် ပင်လယ်ပြင် ခရီးသွားလုပ်ငန်းဖြစ်သောကော့သောင်းမြို့တွင်နိုင်ငံခြားရွက်လှေ ၅၉ ကြိမ်၊ ခရီးသွားဦးရေ ၆၀၀ ကျော် ဝင်ရောက်လည်ပတ်ခဲ့ကြောင်း၊ နေ့ချင်းပြန်ခရီးသွားအနေဖြင့် ၃၈၄ ကြိမ်၊ နိုင်ငံခြားခရီးသွား ဧည့်သည် ၅၆၈၆ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း၊ ယခုလသည် မိုးတွင်းကာလဖြစ်သောကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအနေဖြင့် ပြင်ဆင်ရေးနှင့် လိုအပ်သည်များကို ဆောင်ရွက်ရမည်ကာလဖြစ် ကြောင်း၊ ဟိုတယ်လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လာမည့်ပွင့်လင်းရာသီအတွက်ယခုကတည်းကကြိုတင်ပြီးပြင်ဆင်သင့်သည်များကိုဝိုင်းဝန်းပြီးဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် တိုင်းဒေသကြီးအနေဖြင့် မရှိမဖြစ်အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ကျွန်းစခန်းများတွင် ကျားဖြန့်ဂိုဏ်းများမဝင်ရောက်နိုင်ရေး Call Center များဖြင့် သေချာစွာစနစ်တကျ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကြာခင်ကာလအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက ဆွေးနွေးပြောကြားပြီး ကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ကော်မတီမှ ဆုံးဖြတ်ပေးရမည့်ဝန်ဆောင်မှုကဏ္ဍအလိုက်လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ အမှာစာများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)