ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ လျှော်ဖြူ ၂၅၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ ဇွန် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ လျှော်ဖြူ ၂၅၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ လျှော်ဖြူ ၂၅၇ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် မေလတတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ပွင့်ဖြူမြို့နယ်တွင် ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ လျှော်ဖြူ ၂၅၇ ဧက လျာထားစိုက်ပျိုးခဲ့ရာ ဒီနေ့မှာ သတ်မှတ်စိုက်ဧကကို ပြည့်မီအောင်စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။ လျှော်ဖြူက ဈေးကွက်ရှိတော့ တောင်သူတွေက နှစ်တိုင်း မိုးရာသီမှာ အားထားစိုက်ပျိုးကြတယ်။ လျှော်ဖြူ စိုက်ပျိုးရေးလုပ်ငန်းက မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပြီး ရေငတ်ဒဏ်လည်းခံနိုင်တော့ စိုက်ပျိုးလို့လဲအဆင်ပြေတယ်။ လျှော်ဖြူစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့ ဓာတုကင်းစင်တဲ့လျှော်ဖြူ အရည်အသွေးကောင်းများရရှိစေရန်အတွက် တောင်သူတွေကို GAP စိုက်နည်းစနစ်နဲ့ ပြုစုထိန်းသိမ်းနည်းပညာများကို အသိပညာပေးတာတွေဆောင်ရွက်ပေးထားပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် တောင်သူများက နှစ်ရှည်သီးနှံဖြစ်သည့် လျှော်ဖြူစိုက်ပျိုးရေးလုပ်ငန်းကို စိုက်ပျိုးစရိတ်အရင်းအနှီးအကုန်အကျသက်သာပြီး ဈေးကောင်းရရှိ၍ နှစ်စဉ်မိုးသီးနှံစိုက်ပျိုးရာသီ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ယခင်နှစ် မိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် လျှော်ဖြူ ၂၅၇ ဧကကို လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ 

လျှော်ဖြူကို အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း သုံးစွဲမှုဖူလုံနိုင်မည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့်ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ရာ လျှော်ဖြူကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။ 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)