အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

မြိတ်   ဇွန်   ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက ဟောပြောပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး  အမှတ်(၃၅)မူးယစ် တပ်ဖွဲ့စု(မြိတ်) တပ်ဖွဲ့စုမှူး ရဲမှူး  ခင်မောင်ဆွေမင်း က မူးယစ်ဆေးဝါးအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများအကြောင်းကို  ကျောင်းသား/သူများအား အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့အတူ ပြပွဲကို ခန်းမအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။ အလားတူ မူးယစ်ဆေးဝါးအန္တရာယ်များနှင့် ဆိုးကျိုးများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃၅)မူးယစ်တပ်ဖွဲ့စု(မြိတ်)တို့ပူးပေါင်း၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)