ရေနံချောင်းမြို့နယ်၌ ကျောင်းအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ချေလျော့ပါးရေး နည်းပြသင်တန်းဖွင့်လှစ်

ရေနံချောင်း ဇွန် ၂

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမန်နိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းဖွင့်လှစ်သည့် ကျောင်းအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ချေလျော့ပါးရေး နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်‌နေ့က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ သစ်တပွေရပ်ကွက် ရွှေဘုံသာရပ်ရှိ Country Hotel ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာချောခင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရေနံချောင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက မြို့နယ်အတွင်း ထိခိုက်ဆုံးရှုံးမှုမရှိစေရန် ဘေးအန္တရာယ်လျော့ပါးရေး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့်ပူးပေါင်း၍ အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် သင်တန်းပို့ချချက်များကို အလေးထားလိုက်နာမှတ်သား၍ လက်တွေ့အသုံးချစေလိုကြောင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းနိုင်က  သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား သည်။

အဆိုပါသင်တန်းကို မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်အရ ဇွန် ၂၃ ရက်မှ ၂၇ ရက်အထိ ၅ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး ရေနံချောင်းမြို့နယ်အတွင်း စီမံချက်ဝင်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ သင်တန်းသား ဆရာ/ဆရာမ ၁၂ ဦးနှင့် စေတနာလုပ်အားရှင် ၃ ဦး၊ ပခုက္ကူမြို့နယ်မှ စီမံချက်ဝင်အခြေခံပညာကျောင်းများမှ သင်တန်းသား ဆရာ/ဆရာမ ၁၂ ဦးနှင့် စေတနာလုပ်အားရှင် ၃ ဦး စုစုပေါင်း သင်တန်းသား ၃၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်