ဓနုဖြူမြို့နယ်တွင် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာရောင်းချ

ဓနုဖြူ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များစျေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို ယမန်နေ့   နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက်၊ မင်းပိုင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပင်စင်စားနိုင်ငံ့ဝန်ထမ်း ဦးရေ(၂၁၅)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုအခမဲ့ ဆောင်ရွက်ပေးရာတွင် ပင်စင်စားနိုင်ငံ့ ဝန်ထမ်းများအား သွေးပေါင်ချိန် တိုင်းတာခြင်း၊ ဆီးချို၊ သွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်းများ စစ်ဆေးပေးခဲ့ပြီး အထွေ​ထွေရောဂါလူနာများအား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။ ဆေးကုသမှုခံယူသော ပင်စင်စားနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ဓနုဖြူမြို့နယ်၊ ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေး​ကော်မတီမှ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥများအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

အဆိုပါပင်စင်စားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ရောင်းချပေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဓနုဖြူမြို့နယ်ကုသရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေး​ ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်များမှ လိုအပ်သည်များအား ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်