ကျိုက်လတ် ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်း အနားကို အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း (၄)ဖြတ်လမ်းထိပ်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဇာတ်တိုက်လေ့ကျင့်နေမှုများကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်း နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပေါ်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့်လူများအား ရှာဖွေကယ်ဆယ်ခြင်း၊ အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံနည်းများ၊ သဘာဝဘေးဒဏ်ခံရသည့် လူနာများအား ရှေးဦးသူနာပြုစုနည်းများဖြင့်ကုသခြင်း၊ မြစ်ရေကြီးမြင့်လာပါက နီးစပ်ရာအရေးပေါ်စခန်းများသို့ ရွှေ့ပြောင်းရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းတို့ကို သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်