သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ ယဉ်ကျေးလိမ္မာစေရန်(တနင်္ဂနွ)အပတ်စဥ် ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြား

သဲကုန်း ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အရှင်ဣန္ဒ (ရွှေသဲကုန်းဓမ္မစကူးလ်တာဝန်ခံဆရာတော်) ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူ ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ရည်ရွယ်၍ ရွှေသဲကုန်းဓမ္မစကူးလ် (တနင်္ဂနွေ) အပတ်စဥ်ဗုဒ္ဓဘာသာသင်တန်းကို ဇွန် ၂၂ ရက်နေ့ နံနက်(၈)နာရီက ရပ်ကွက်(၄)၊ ပေါက်တောရပ်၊ ရွှေဘုန်းရှိန်ဘုရားလမ်း၊ တပ်မင်္ဂလာတိုက်ကျောင်းရှိ ရွှေသဲကုန်းဓမ္မစကူးလ်သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါဓမ္မစကူးလ်သင်တန်းတွင် သဲကုန်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ အတန်းလိုက် ကျောင်းသား/ ကျောင်းသူ ကလေးငယ်များအား မိရိုးဖလာဗုဒ္ဓဘာသာဝင်ဖြစ်ယုံသာမက ရတနာသုံးပါးကို သက်ဝင်ယုံကြည်ကာ ဗုဒ္ဓ၏ တရားဓမ္မနှင့် အဆုံးအမများကို အမှန်တကယ်နားလည်သဘောပေါက်ပြီး လက်တွေ့ကျင့်ကြံနေထိုင်နိုင်သော ထေရဝါဒဗုဒ္ဓဘာသာဝင်စစ်စစ်များ ဖြစ်လာကြစေရန်၊ နိုင်ငံတော်အတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာပြီး ငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန်၊ အသိဉာဏ်ပြည့်ဝပြီး တိုင်းပြည်နှင့်လူမျိုးကို စောင့်ရှောက်ကြမည့် သားကောင်း၊ သမီးကောင်းများ ဖြစ်စေရန်၊ ဗုဒ္ဓဝင်မင်္ဂလာတရားတော်များ၊ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ လိုက်နာကျင့်သုံးရမည့် လုပ်ငန်းစဉ်များ၊ လူမှုကျင့်ဝတ်များ၊ ဗုဒ္ဓဝါဒအဘိဓမ္မာ တရားတော်များ၊ အဆုံးအမတရားတော်များအား သိရှိနားလည်စေရန်၊ ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရွှေသဲကုန်းဓမ္မစကူးလ်တာဝန်ခံဆရာတော်ထံမှ သိရသည်။

အဆိုပါဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းတွင် သဲကုန်းမြို့နယ်အတွင်းရှိ KG -၃၇ဦး၊ G-1 ၃၃ ဦး၊ G-2 ၄၅ ဦး၊ G-3 ၃၆ ဦး၊ G-4 ၃၃ ဦး၊ G-5 ၂၅ ဦး၊ G- 6 ၁၂ ဦး စုစုပေါင်း ကျောင်းသား/သူ (၂၂၁) ဦးအား သင်ကြားရေးဆရာ/ဆရာမ(၁၆)ဦးဖြင့် အပတ်စဉ်တနင်္ဂနွေ နံနက်(၈)နာရီမှ (၁၁) နာရီအချိန်အထိ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပြီး ကျောင်းအပ်လက်ခံခြင်းကို ဇွန်လ ၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဓမ္မစကူးလ်ကော်မတီဝင်တစ်ဦးထံမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)