ကျွန်းလှ ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး စပါးအပြင် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုက်လျက်ရှိရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသော မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့ဒေသမှာ ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြပါတယ်။ တောင်သူတွေ မိုးမြေပဲကို မိုးရွာသွန်းတဲ့အပေါ်မူတည်ပြီး မေလက စတင်စိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးမြေပဲသုံးဧက စိုက်ပျိုးရာမှာ တစ်ဧက ငွေကျပ် ငါးသိန်းခွဲခန့်ကုန်ကျပါတယ်။ အခုအခါမြေပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေပါတယ်”ဟု မန်ကျည်းအင်းကျေးရွာ မြေပဲစိုက်တောင်သူ တစ်ဦးက ပြောသည်။
အဆိုပါ မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ကွင်းဝန်ထမ်းများက ပိုးမွှားကျရောက်မှုကင်းစင်ရေး၊ သဘာဝပိုးသတ်ဆေးနှင့်ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်ပြီး အချိန်ကိုက်သုံးစွဲရေး၊ မျိုးသန့်မျိုးများရရှိရေးစသည့် လိုအပ်သည်များ ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံအဖြစ် မြေပဲ ၇၂၂၃ ဧက၊ နှမ်း ၂၀ ဧက၊ နေကြာ ၇၁ ဧက စုစုပေါင်း ၇၃၁၄ ဧက စိုက်ပျိုးရန်လျာထားကြောင်း လက်ရှိအချိန်ထိ မြေ ၅၁၂ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို