မော်လမြိုင်ကျွန်း ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေး လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နေ့လယ် (၁၁) နာရီအချိန်က တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ယခုလို သဏ္ဍာန်တူသရုပ်ပြလေ့ကျင့်ခြင်းသည် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၌ မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းပကားနှင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များအနေဖြင့် စွမ်းဆောင်ရည် ပြည့်ဝစေရန် အစဉ်ကြိုးပမ်းလေ့ကျင့် ဆောင်ရွက်နေရမည်ဖြစ်ပါကြောင်း၊ ယခုမိုးဦးကာလနှင့် မိုးနှောင်းကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် တပ်ဖွဲ့ဝင်များအနေဖြင့် အသင့်ပြင်ဆင်ထားကြရန်လိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီး ဌာနဦးစီးမှူး ဦးမျိုးဇော်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများပါဝင်ပူးပေါင်းမှုဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့်လူများအား ရှာဖွေကယ်ဆယ်ခြင်း၊ သဘာဝဘေးဒဏ်ခံရသည့် လူနာများအား ရှေးဦးသူနာပြုစုနည်းများဖြင့် ကုသခြင်း၊ မြစ်ရေကြီးမြင့်လာပါက နီးစပ်ရာအရေးပေါ်စခန်းများသို့ ရွှေ့ပြောင်းရန်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို သရုပ်ပြခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)