စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ(၂/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မုံရွာ ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းအသုံးပြုမှု မရှိစေရေးအတွက်ကြပ်မတ်ဆောင်ရွက်ခြင်းလုပ်ငန်းများအား ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နေ့စဉ်နဲ့အမျှ ယာဉ်မတော်တဆမှုများကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးနေကြရပြီး ယခုလိုဆုံးရှုံးမှုများသည် နိုင်ငံ၏အနာဂတ်များဖြစ်သည့် ကလေးသူငယ်များစွာ ပါဝင်နေတာကို အားလုံးသိရှိကြပြီးဖြစ်ပါကြောင်း၊ လမ်းတစ်လမ်းအား စတင်တည်ဆောက်ချိန် ကတည်းက Road Safety အတွက် ထည့်သွင်းစဉ်းစားခြင်း၊ လမ်းညွှန်းများ၊ လမ်းအမှတ် အသားများနှင့်အချက်ပြများအား ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန်တပ်ဆင်ခြင်းဖြင့် တည်ဆောက်မှု ပုံစံ ဒီဇိုင်းများအား စနစ်တကျ သုံးသပ်တွက်ချက် တည်ဆောက်ခြင်းများ စနစ်တကျ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့်တွဲဖက်အတွင်းရေးမှူး ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးတို့က တိုင်းဒေသကြီးအတွင်း ပြည်သူများအား မော်တော်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ယာဉ်တိုက်မှုဖြစ်ပွားမှု အခြေအနေများ၊ လိုင်စင်မဲ့မော်တော်ယာဉ် ဖမ်းစီးမှုအခြေအနေများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။    

ဆက်လက်ပြီး တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိမိတို့ ခရိုင်များအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးဖြည့်စွက် ဆွေးနွေးအကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။              

တိုင်းဒေသကြီး(ပြန်/ဆက်)