မြဝတီ ဇွန် ၂၄
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ မုန့်လုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉:၀၀ နာရီတွင် ကျင်းပသည်။
ဦးစွာ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပေးပြီး အိမ်တွင်းမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သိန်းဦးက မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒနှင့် လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအား အကောင်အထည်ဖော်နိုင်ရန်အတွက် နယ်စပ်ဒေသရှိ အမျိုးသမီးငယ်များအား မုန့်လုပ်နည်းပညာရပ်များ သင်ကြားပေးပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်အောင် ကူညီပေးခြင်းအားဖြင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပေးသည်။
အဆိုပါ မုန့်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၊ မြို့နယ်စီမံအဖွဲ့ဝင်-၁ ဗိုလ်မှူးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းမှ ဆရာမများ တက်ရောက်ခဲ့ကြပြီး မြို့ပေါ်ရှိ ရပ်ကွက် (၅) ခုမှ သင်တန်းသူ (၁၅) ဦး တက်ရောက်ခဲ့ကြကာ မုန့်လုပ်နည်းသင်တန်းတွင် အာလူးဆနွင်းမကင်း၊ မုန်လာဥဆနွင်းမကင်း၊ ဖရုံသီးဆနွင်းမကင်း၊ မုန့်ဟင်းခါးနှင့် ကြာဇံဟင်းခါး စသည့်မုန့်လုပ်နည်း ငါးမျိုးကို ၂၃-၆-၂၀၂၅ ရက်နေ့မှ ၂၅-၆-၂၀၂၅ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)