စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်ခြင်း အခမ်းအနားတက်ရောက်

မုံရွာ ဇွန် ၂၄

နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးနှင့် စားသောက်ရေးများ အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်ခြင်း အခမ်း အနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း/အမှုထမ်းနှင့်တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသည့် အငြိမ်းစားဝန်ထမ်းများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစား ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံ မိတ်ဆက်စကားများပြောကြားကာ တာဝန်ရှိသူများနှင့်အတူ အငြိမ်းစားဝန်ထမ်း ၆၈၀ ဦးအား အာဟာရဖြည့်စွက်စာ ကြက်ဥများအား လက်ရောက် ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခန်းမအတွင်း၌ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ဆီးချို/သွေးချို ရောဂါ၊ သွေးတိုးရောဂါ၊ အကြောနာအကြောတက်ရောဂါ၊ နှလုံးရောဂါ၊ ချောင်းဆိုးရင်ကြပ်ရောဂါများအား စစ်ဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမဝန်းအတွင်း၌ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)