ထားဝယ် ဇွန် ၂၄
တနင်္သာရီတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၆/၂၀၂၅)ကြိမ် မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့( ၆ /၂၀၂၅ )ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးတွင် မွေးမြူရေးနှင့်ပတ်သက်၍ လာရောက် လျှောက်ထားသူများပြားကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် မွေးမြူရေးဖြစ်သည့်သားငါးကဏ္ဍတွင် နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနေသော တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ အထူးသဖြင့် ပုစွန်မွေးမြူရေးကဏ္ဍတွင် ကန်၅၀၀ အထိ ဖြစ်ထွန်းအောင်မြင်ကြောင်း၊ မကြာခင်ကာလ၌ မြိတ်မြို့တွင် မွေးမြူထားသည့် ပုစွန်၊ ငါးအပါအဝင် ဖမ်းဆီးရမိသော ရေထွက်ပစ္စည်းများကို နိုင်ငံရပ်ခြားနှင့်ဆက်သွယ်ပြီး ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ငါးအစာ၊ သားပေါက်ကိစ္စရပ်များတွင် မိမိဒေသမှထွက်ရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘုတ်ပြင်းမြို့နယ်တွင် အစာစက်ရုံ၊ အအေးခန်း၊ ပုစွန်ကန်များ ဆောင်ရွက်နေသည်များရှိ၍ ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်များအနေဖြင့် မွေးမြူရေးနှင့်ပတ်သက်၍ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးကြရန် လိုအပ် ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်း၊ စခန်းများ၊ ဟိုတယ်များ ဆောက်လုပ်ပြီး ခရီးသွားလာသူများအား ဆွဲဆောင်ရန်လိုအပ်ကြောင်း၊ မွေးမြူရေးတွင် ပုလဲမွေးမြူရေးသည် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုနှစ်တွင် မျှော်မှန်းထားသည်ထက် နှစ်ဆထွက်ရှိကာ နိုင်ငံခြားဝင်ငွေရရှိသောကြောင့် အောင်မြင်ကြောင်း၊ လယ်ယာမြေနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးမြေစာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက် ရှင်းလင်းဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)