ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ရှိန်မြှင့်တင်စေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ  (၁) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်) ရေးသားသည့်  အလုပ်ဆိုတာအင်အားပါ စာအုပ်ပါ အလုပ်လုပ်တဲ့နေရာ အောင်မြင်ချင်ရင် ဇွဲသတ္တိကို အထူးမွေးမြူပါ ဆောင်းပါးကို စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် လူတိုင်း  မိမိဆောင်ရွက်ရမည့်လုပ်ငန်းကို စိတ်ရှည်ရှည်ဇွဲကောင်းကောင်း လုပ်ရမှာဖြစ်ပြီး၊ အလုပ်နှင့် ပတ်ဝန်းကျင်အခြေအနေကြောင့် မိမိလုပ်ငန်းအောင်မြင်မှု မရရှိခဲ့ရင် ထပ်ခါတလဲလဲ ဇွဲရှိရှိ ကြိုးစားလေ့လာဆောင်ရွက်မယ်ဆိုပါက အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်လာမှာဖြစ်၍ မိမိလုပ်ငန်း အောင်မြင်စေချင်ရင် စိတ်တည်ကြည်စွာ မိမိကိုယ်ကို တည်ဆောက်ပြီး အကြိမ်ကြိမ်အဖန်ဖန် ဇွဲကပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်၊ စာစောင်များနှင့်  နံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Show များ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာ ရုံးများသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း