ထားဝယ် ဇွန် ၂၄
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထား သိရှိနားလည်နိုင်စေရေးနှင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိ ပသာဒ အကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ဇွန် ၂၃ ရက် နံနက်(၇)နာရီခွဲ က တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ လေယာဉ်ကွင်းလမ်း ထားဝယ်ဂေါက်ကွင်းဧရိယာအတွင်း၌ ၂၀၂၅ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်မျိုးထွန်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့် တို့က ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့နှင့် တက်ရောက်လာသူများအား သစ်ပင်ပျိုးပင်များပေးအပ်ကြသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကံ့ကော် ပျိုးပင်ကို စိုက်ပျိုးပေးပြီး တိုင်းဒေသကြီး တရားးလွှတ်တော် တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက သက်မှတ်နေရာများတွင် ပျိုးပင် အမျိုးအစား (၇)မျိုး စုစုပေါင်း ပျိုးပင်၆၀၃ပင်ကို စုပေါင်းစိုက်ပျိုးပေးပြီး တိုင်းဒေသကြီဝန်ကြီးချုပ် က သစ်ပင်ပျိုးပင်စိုက်ပျိုးပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
“သက်ရှိလောကတည်မြဲဖို့၊သစ်ပင် စိုက်ပျိုး ထိန်းသိမ်းစို့၊ ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေ ထိန်းသိမ်းစို့၊ သစ်တော သစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊ ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင် ထိန်းသိမ်း” စသည့် ဆောင်ပုဒ်နှင့်အညီ တိုးချဲ့လေယာဉ်ကွင်းဧရိယာအတွင်း ကံ့ကော်၊ ပိတောက်၊ သင်္ကန်း၊ ခရေ၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား စသည့် စုစုပေါင်းသစ်ပင် ပျိုးပင်၆၀၃ပင်ကို စိုက်ပျိုးပေးကြသည်။
ထားဝယ်ခရိုင်အတွင်းရှိ သစ်တောဦးစီးဌာနပျိုးဥယျာဉ်များတွင် မိုးရာသီ လူထုဖြန့် ပျိုးပင်များအား ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ တက္ကသိုလ်၊ သင်တန်းကျောင်းများနှင့်ဒေသခံ ပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် ပျိုးပင်များ ရယူစိုက်ပျိုးလိုပါကထားဝယ်မြို့နယ်၊ သစ်တော ဦးစီးဌာနသို့ ဆက်သွယ်ပြီး ပျိုးပင်များ ထုတ်ယူနိုင်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)