ဘားအံ ဇွန် ၂၄
သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်သစ်တောဦးစီးဌာန၊ မိုးရာသီ (ဒုတိယအကြိမ်) သစ်ပင်စိုက်ပွဲကို ဇွန် ၂၃ ရက် နံနက်ပိုင်းက ဘားအံမြို့နယ်၊ အမှတ်(၂)ဘိလပ်မြေ စက်ရုံ၊ မြိုင်ကလေး၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သစ်ပင်များစိုက်ပျိုးပြုစု ထိန်းသိမ်းခြင်း အားဖြင့် နောင်လာနောက်သားများအတွက် အဖိုးထိုက်တန်လှသည့် သဘာဝ အမွေအနှစ်များကို လက်ဆင့်ကမ်းပေးအပ်ကြရန် တိုက်တွန်းပြောကြားပြီး အမှတ်(၂) ဘိလပ်မြေ စက်ရုံ တန်(၄၀၀၀) စက်ရုံမှူးကြီးထံ ပျိုးပင်များ ဖြန့်ဝေပေးအပ်ကာ တက်ရောက်လာသော အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်(၁)နှင့်အမှတ်(၂)ဘိလပ်မြေ စက်ရုံမှ တာဝန်ရှိသူများ နှင့်ဝန်ထမ်းများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများနှင့်အတူ ရေ၊ မြေ၊ ဒေသနှင့် ကိုက်ညီသော သစ်မျိုးများဖြစ်သည့် မအူ ပင် ၆၀၀၊ ပျဉ်းမ ပင် ၆၀၀ စုစုပေါင်း အပင် ၁၂၀၀ ကို စုပေါင်းစိုက်ပျိုးကြသည်။
ထိုသို့ စုပေါင်းစိုက်ပျိုးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကြ ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
အလားတူ ဒေသတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှုနှင့် ခရီးစဉ်ဒေသများပိုမိုတိုးတက် လာစေရန် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၆/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး ကို ဇွန် ၂၃ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိုးရာသီကာလ ခရီးသွားဧည့်သည်ဝင်ရောက်မှုများသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ခရီးသွားများကို ဝန်ဆောင်မှုကောင်းများပေးနိုင်ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ပါက ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ခရီးသွားများသွားလာရ လွယ်ကူအဆင်ပြေစေရန် စီမံဆောင်ရွက်ပေးစေလိုသည်များရှိပါက တင်ပြဆွေးနွေး ပေးကြစေလိုပြီး သန့်ရှင်းသာယာလှပရေး၊ ပန်းပေါင်းဝေဆာစိမ်းလန်းစိုပြည်ရေး၊ အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ်များ သက်ဝင်မှုရှိစေရေး ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာလုပ်ငန်းရှင်များက အလေးအနက်ထား ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်လင်းက ယခင်အပတ်အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ်ဆောင်ရွက်ပြီးစီးမှုနှင့် ဒေသကော်မတီမှ လုပ်ကိုင်ဆောင်ရွက်နေမှု၊ ယခုအစည်းဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ များ၊ ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံခွန်၊ ဖောင်တော်ဦး၊ ပဒုမ္မာဂူ၊ ဘုရင့်ညီနောင်ဂူ၊ လင်းနို့ဂူ၊ နောင်ခလိုင်၊ ဣစ္ဆာသယဂူ ခရီးစဉ်ဒေသများမှ တာဝန်ရှိသူများက ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)