နာဂဒေသလဟယ်မြို့တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရန် လူငယ်စကားဝိုင်းကျင်းပ

လဟယ် ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်များဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်၍ လူငယ်စာပေ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန် လဟယ်မြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးရှားဆက်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။

ထို့နောက် လူငယ်စာပေစကားဝိုင်းဆွေးနွေးပွဲအား စတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (ဓါတ်ပုံကျွမ်းကျင်-၂) ဦးပါမင်းလှိုင်က ဆောင်ရွက်ပြီး မသီရံ(Grade-11)က လူငယ်နှင့်အကျင့်စာရိတ္တ၊ မောင်လားငူး(Grade-11)က လူငယ်နှင့်အချိန်၏ တန်ဖိုး၊ မညီခေဒေါင် (Grade-11)က လူငယ်နှင့် ဆိုရှယ်မီဒီယာ၊ မောင်နောက်ပိုင်း (Grade-10) က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြရာ ကျောင်းသား/ သူများက သိလိုသည်များ အပြန်အလှန်မေးမြန်းဆွေးနွေးပါသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်၀င်စားဖတ်ရှုခဲ့ကြပြီး ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မ၀င် ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ရုံး၀န်ထမ်းများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးနှင့်နည်းပြ ဆရာ/မများ ကျောင်းသား/သူများ စုစုပေါင်း (၁၇၃) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြို့နယ်(ပြန်/ဆက်)