အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားပြုလုပ်

ကသာ ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စွန့်ပစ်အမှိုက်များကို အမျိုးအစားအလိုက် စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းဖြင့် သန့်ရှင်းသာယာလှပသောပတ်ဝန်းကျင်၊ ကျန်းမာပျော်ရွှင်သော လူ့ဘောင်အဖွဲ့အစည်းနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးတည်ထောင်နိုင်ရန်တို့ကိုရည်ရွယ်၍ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကသာမြို့ မြို့မဈေးကြီး၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ  လက်တွေ့သရုပ်ပြ အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းကိုဦးက အသိပညာပေးဟောပြောခဲ့ရာတွင် မြေထု၊ ရေထု၊ လေထုစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများကို ကာကွယ်နိုင်သည့် အကြောင်းအရာများ၊ ပြန်လည်အသုံးပြုနိုင်သည့် Re cycle ပစ္စည်းများ ခွဲခြားထွက်ရှိလာနိုင်သည့်အတွက် သဘာဝအရင်းအမြစ်နှင့် သယံဇာတများဆုံးရှုံးမှုကို ပိုမိုကာကွယ်နိုင်သည့်အကြောင်းအရာများ၊ ပြန်လည်အသုံးပြုနိုင်သည့် Re cycle ပစ္စည်းများကို ဈေးကွက်အတွင်း ပြန်လည်ရောင်းချခြင်း၊ အမှိုက်များသယ်ယူပို့ဆောင်ရသည့်အတွက် လျော့ကျလာခြင်း၊ Recycle ပြုလုပ်သည့်လုပ်ငန်းများပိုမိုတိုးတက်လာခြင်းနှင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ၊ ပုတ်သိုးဆွေးမည့်လွယ်သည့် စွန်ပစ်အမှိုတ်များကို ခွဲခြားစွန်ပစ်ထားသည့်အတွက် အနံ့ဆိုးများထွက်ခြင်း၊ ဘတ်တီရီးယားနှင့် ကပ်ပါးကောင်များ ပေါက်ပွားခြင်းကို ကာကွယ်နိုင်ခြင်းကြောင့် ပြည်သူလူထု့အတွက်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ၊ အမှိုက်ခွဲခြားစွန့်ပြစ်ခြင်းအလေ့အထ မိမိတို့မှစ၍ ကျင့်သုံးခြင်းဖြင့် ပြည်သူလူထုအတွင်း ပတ်ဝန်းကျင်ကိုဂရုစိုက်သော အလေ့အထများ ဖြစ်ပေါ်စေပြီး နောက်မျိုးဆက်သစ်လူငယ်များအတွက် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် အလေ့အကျင့်ကောင်းများကို လက်ဆင့်ကမ်းပေးနိုင်သည့် အကြောင်းအရာတို့ကို ဟောပြောခဲ့သည်။

ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အမှိုက်အမျိုးအစားခွဲခြားခြင်း၊ အမှိုက်စို(Wet Waste)အတွက် အမှိုက်ပုံး အစိမ်းရောင်၊  အမှိုက်ခြောက်(Dry Waste)အတွက် အမှိုက်ပုံး အဝါရောင်၊ ပလပ်စတစ်အမှိုက်(Plastic Waste)အတွက် အမှိုက်ပုံးအပြာရောင်၊  ဘေးအန္တရာယ်ရှိအမှိုက်(Hazardous Waste)အတွက် အမှိုက်ပုံး အနီရောင်တို့ကို သတ်မှတ်ပေးပြီး တက်ရောက်လာကြသော ဈေးသူ၊ ဈေးသားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စည်ပင်သာယာရေးဝန်ထမ်းများက အမှိုက်ခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ပြုလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာထွန်း(ပြန်/ဆက်)