ရေဦးမြို့တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အ‌ကြောင်း အသိပညာပေးဟောပြော

ရေဦး ဇွန် ၂၄

အနာဂတ်၏မျိုးဆက်သစ်လူငယ်များဖြစ်သည့် ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေး၏အန္တရာယ်ကိုသိရှိပြီး မူးယစ်ဆေးဝါးအန္တရာယ်ကို ရှောင်ရှားနိုင်စေရန်ရည်ရွယ်ပြီး  စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်  ၁၀  နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရေဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်ဝင်လှိုင်က  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်နှင့်ပတ်သက်ပြီး အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဆရာမ ‌ဒေါ်သိမ်မွေ့ခင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနှင့် ရေတိုရေရှည်ဆိုးကျိုးများ ခံစားရပုံတို့ကို ကျန်းမာရေးအသိပညာပေးဟောပြောပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက တက်ရောက်လာကြသူများအား မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

သန်းသန်း(ပြန်/ဆက်)