ထန်းတပင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းဆောင်ရွက်

ထန်းတပင် ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အောင်သုခရပ်ကွက် မနောသုခလမ်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ရေးဇာတ်တိုက် လေ့ကျင့်ခြင်းကို ဇွန်လ ၂၁ ရက်နေ့ နံနက်  ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က သဘာဝဘေးအန္တရာယ်ကျရောက်နေချိန်တွင် ပြည်သူများအနေဖြင့် စနစ်တကျတုံ့ပြန်ဆောင်ရွက်တတ်စေရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ချိန်တွင် စနစ်တကျဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်တို့ကိုပြောကြားခဲ့ပြီး  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူးဦးသိန်းကျော်ထွန်းက သဘာဝဘေးအန္တရာယ်ကျရောက်ပါက လုပ်ဆောင်ရမည့်အချက်များကို ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူးဦးနေလင်းဦးက ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်အနေထားပြင်ဆင်ဆောင်ရွက်ထားရှိပြီး မီးသတ််တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် မိတ်ဖက်အဖွဲ့အစည်းများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကူညီရွှေ့ပြောင်းပေးခြင်း၊ ဆေးကုသမှုဆောင်ရွက်ပေးခြင်းနှင့် အရေးပေါ်လူနာများအား ဆေးရုံသို့ပို့ဆောင်ခြင်းများကို သရုပ်ပြလေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)