ပဲခူး ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇွန်လ ၂၂ ရက် နံနက်ပိုင်းက ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ကြင်ကြင်သန်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပဲခူးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ အမျိုးသားစာပေဆုရှင် စာရေးဆရာမဝတ်ရည်ခင်(ပဲခူး)က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပဲခူးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၃၅)ဦးက စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)