တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ

တောင်တွင်းကြီး ဇွန် ၂၃

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ်ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နေ့လယ်(၁)နာရီခွဲအချိန်က စာရေးဆရာ ဗန်းမော်သိန်းဖေရေးသားသည့် “မျှဝေလိုသော အတွေးများ-၅” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများကိုကြိုးစားသင်ယူလေ့လာရန်လိုအပ်သလို ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှု့မှတ်သားရန်နှင့် နိုင်ငံ့တာဝန်များကိုပခုံးပြောင်းထမ်းဆောင်ကြရမည့် အနာဂတ်လူငယ်များဖြစ်သည့်အတွက် အသိပညာ၊ အတက်ပညာများနှင့် ဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကိုကျင်းပရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက "ဘဝရဲ့ အကောင်းဆုံးအချိန်များ"၊ "အပြစ်တင်မယ့်အစား နှစ်သိမ့်မှုပေးပါ"၊ "ဘဝမှာအရေးကြီးဆုံးအရာတွေကို အရင်လုပ်ပါ"၊ "ဘာပဲလုပ်လုပ်မေတ္တာထားပါ ” စသည့် အတွေးအမြင်စာစုများအား ဖတ်ကြားခဲ့ပြီး မိမိတို့နားလည် သဘောပေါက်သည်များအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ စာရေးဆရာတောင်တွင်းအောင်သက်ဦး၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်တို့က စာပေလေ့လာဖတ်ရှု့ခြင်းသည် ကျောင်းပညာရေးကိုလည်း အထောက်အကူဖြစ်စေပါကြောင်း၊ စာပေအုပ်စာပေများလေ့လာဖတ်ရှု့ပြီးပါက စာအုပ်ပါအနှစ်ချုပ်အကြောင်းအရာများ၊ မှတ်သားထားသင့်သည်များအား မှတ်စုစာအုပ်ဖြင့် ရေးမှတ်ရန်လိုပါကြောင်း၊ စာဖတ်ခြင်းဖြင့်အခွင့်အလမ်းများကိုရရှိစေပြီး လုပ်ငန်းခွင်အောင်မြင်မှုကိုလည်းရရှိစေနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းသို့ စာကြည့်တိုက်သို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)