မကွေး ဇွန် ၂၃
မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၃) နှစ်နှင့်အောက် ခရိုင်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စစ်ဘက်ဆိုင်ရာအဆင်မြင့် အရာရှိကြီးများ၊ ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တိုင်း/ခရိုင်/မြို့နယ်မှဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော အားကစားဝါသနာရှင်များနှင့်မျိုးဆက်သစ်လူငယ်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ စစ်ကြောင်းမှူးက တန်းအပ်သတင်းပို့ခြင်းဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြှင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုများပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသောအလေ့အကျင့်ကောင်းများရရှိလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ်များထွက်ပေါ်လာစေရန်နှင့် မျိုးဆက်သစ်လူငယ်ရွက်ပုန်းသီး အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်ပြီး ကျင်းပပေးရခြင်းဖြစ်သလို တိုင်းဒေသကြီးကိုယ်စားပြု သွေးသစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပိုက်ကျော်ခြင်း အားကစားနည်း၏ ဆောင်ပုဒ်ဖြစ်သော “အဖိုးနည်းဝန်ပါ သင်ကျန်းမာ၊ ပိုက်ကျော်ခြင်းကိုကစားပါ၊ လူငယ်ကျောင်းသားသူငယ်ချင်း၊ စုပေါင်းကစား ပိုက်ကျော်ခြင်း” ဆိုသည့်အတိုင်း ကျောင်းသားလူငယ်များ စုပေါင်းကစားနိုင်ပြီး ကျန်းမာရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် အားကစားနည်းတစ်ရပ်လည်းဖြစ်ကြောင်း၊ အားကစားသမားများ လေ့ကျင့်လိုက်နာကြမည့်အချက်များကို ကြည့်မည်ဆိုလျှင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ အဓိကဆောင်ပုဒ်ဖြစ်သည့် “ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည် တတိယ” ဆိုပြီး ရှိတာကို တွေ့ကြရမှာဖြစ်ပြီး၊ ကျန်းမာရေးကောင်းမွန်ပြီး စည်းကမ်းရှိသော အားကစားသမားကောင်းတွေဖြစ်အောင် ကျင့်ကြံအားထုတ်ကြဖို့ အထူးမှာကြားလိုပါကြောင်း၊ ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် မြို့နယ်များမှအားကစားသမားများအနေဖြင့် စိတ်ဝင်တစားအားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်လာကြတာကိုလည်း ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့်လည်း အောင်မြင်မှုရရှိရန်အတွက် “တရားသော ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရရှိမယ်” ဆိုသည့် အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ပြီး၊ ပြိုင်ပွဲမှာတာဝန်ယူဆောင်ရွက်ပေးကြမည့် ကျင်းပရေးကော်မတီနှင့် ဒိုင်လူကြီးများအနေဖြင့် သတ်မှတ်ထားသော ဥပဒေစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဥပဒေဘောင်အတွင်းမှ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးကြဖို့နဲ့ အားကစားသမားများကလည်း ဒိုင်လူကြီးများ၏ အဆုံးအဖြတ်ကို ကျေကျေနပ်နပ်လက်ခံလိုက်နာသွားကြရန် တိုက်တွန်းပြောကြားကာ၊ “၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၃)နှစ်နှင့်အောက် ခရိုင်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ” ကို စတင်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက သစ္စာအဓိဌာန်ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး၊ အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲအား စတင်ကျင်းပရာ မကွေးခရိုင် အသင်းနှင့် ပခုက္ကူခရိုင်အသင်းတို့ ပြိုင်ပွဲဝင်ယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေးသည်။
အဆိုပါ ၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၃) နှစ်နှင့်အောက် ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်(၆)ခရိုင်မှ အမျိုးသားပွဲစဉ်အဖြစ်(၂)ယောက်တွဲ၊ (၃)ယောက်တွဲနှင့် (၄)ယောက်တွဲပွဲစဉ်များနှင့် အမျိုးသမီးအသင်းများအနေဖြင့် (၂)ယောက်တွဲပြိုင်ပွဲနှင့် (၃)ယောက်တွဲပြိုင်ပွဲများတွင် ပါဝင်၍ပြိုင်ပွဲဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ၊ ဇွန်လ(၂၃)ရက်နေ့အထိ အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး၊ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ