ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

ပွင့်ဖြူ ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက  ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စန်းယုနှင့် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်တို့က အဖွင့်အမှာစကားများပြောကြားပြီး  ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးလက်နေပြည်သူများ အလုပ်အကိုင်များရရှိပြီး ကျေးလက်ဒေသများတွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ရခြင်းဖြစ်ကြောင်း၊ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှာဖွေပေးနိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြား သည်။  

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ၊ ထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြောင်း သိရသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းသို့ ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာအုပ်စုရှိ အိမ်တွင်းမှုစက်ချုပ်နည်းပညာရပ် စိတ်ဝင်စားသည့် သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းနည်းပြဆရာများက အခြေခံစက်ချုပ်နည်းပညာနှင့်ပတ်သက်သည့် သင်ခန်းစာများကို (၄၅)ရက်ကြာ  စာတွေ့ လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။   

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)