ဂုဏ်ယူဖွယ်ရာ မြန်မာအမျိုးသမီးတို့၏ ဂုဏ်ရည်များ

မင်းဘူး  ဇွန်  ၂၂

မြန်မာအမျိုးသမီးများသည် ခေတ်အဆက်ဆက်တွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာကောင်းများကို မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ထိုသို့ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသော မြန်မာအမျိုးသမီးများ၏ ဆောင်ရွက်ချက်များကို ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော စာပေများတွင်လည်း အထင်အရှားတွေ့မြင်ကြသည်။

မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအရ ခန့်မှန်းလူဦးရေ ၅၆ ဒသမ ၂ သန်းအနက် အမျိုးသမီးပါဝင်မှုဟာ ၂၉ ဒသမ ၄ သန်းဖြစ်တဲ့အတွက် နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် မှီတင်းနေထိုင်တဲ့ ပြည်ထောင်စုဖြစ်တာနဲ့အညီ မတူကွဲပြားတဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေ၊ ဘာသာစကား၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနဲ့ သမိုင်းကြောင်း၊ ပထဝီဝင် အနေအထားအမျိုးမျိုးရှိကြသည်။

မျက်မှောက်ကာလတွင် မြန်မာအမျိုးသမီးများသည် မောင်တစ်ထမ်းမယ်တစ်ရွက်နှင့် အိမ်ထောင်တာဝန်ကိုသာမက အမျိုးသားများနှင့် ရင်ပေါင်တန်း၍ မိမိအကျိုး၊ အများအကျိုးတို့ကို သယ်ပိုးထမ်းဆောင်နေကြရသည်။ မြန်မာအမျိုးသမီးများသည် အားနွဲ့သူများဖြစ်၍ အမျိုးသမီးများဘဝကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးများအား ပြုစုပျိုးထောင်ပေးရေးသည်လည်း မဖြစ်မနေဆောင်ရွက်ပေးရမည့် အလုပ်ပင်ဖြစ်ပေရာ တစ်ဖက်တွင် အဆိုပါအမျိုးသမီးများ၏ အခွင့်အရေးနှင့် ဘဝများကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပေးရမည်ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးမှအစ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေးအတွက်ပါ ကာကွယ်စောင့်ရှောက်ပေးကြရမည်ဖြစ်သည်။ အမျိုးသမီးများကလည်း မိမိတို့၏ အမျိုးသမီးဂုဏ်ရည်ကို ထိန်းသိမ်းစောင့်ရှောက်ကာ မြှင့်တင်ကြရမည်။

အမျိုးသမီးများအတွက် အရေးကြီးသည့်အချက်မှာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်များစသော ဂုဏ်ရည်များ မပျက်ယွင်း၊ မချို့တဲ့စေရအောင် ထိန်းသိမ်းရမှာဖြစ်၍ အမျိုးသမီးများဘဝကို ပိုမိုမြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်မြှင့်တင်ရေးအတွက်လည်း အစဉ်အမြဲလေ့ကျင့်ပျိုးထောင်ပေးနေရမည်ဖြစ်သည်။ သို့ဖြစ်၍ အစဉ်အလာကြီးမားသော မြန်မာအမျိုးသမီးများ၏ ဂုဏ်ရည်မြင့်မားတိုးတက်စေရေးအတွက် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြသည့် အားလျှော်စွာ မြန်မာ့ရိုးရာယဉ်ကျေးမှုများ ဓလေ့စရိုက်များကို အစဉ်ထိန်းသိမ်းကာ တိုင်းတစ်ပါးယဉ်ကျေးမှုများကို အထင်မကြီးဘဲ မိမိလူမျိုး မိမိတို့၏ကိုယ်ပိုင် ယဉ်ကျေးမှုများဖြစ်သော ရိုးရိုးယဉ်ယဉ် ပြု၊ မူ၊ ပြော၊ ဆို၊ နေ၊ ထိုင်ခြင်းနှင့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများကို လေးစားလိုက်နာကြရမည်ဖြစ်သည်။

မြန်မာအမျိုးသမီးလေးများသည် ရှေးခေတ်အခါက အမျိုးသမီးများနည်းတူ ရင်ဖုံးအင်္ကျီ၊ ထဘီများကိုဝတ်ဆင်ကာ ရှေးထုံးအစဉ်အလာမပျက်စေဘဲ ရိုးရိုးယဉ်ယဉ်ကလေးများဖြင့် လူကြီးမိဘများရဲ့ စိတ်သဘောထားများနှင့်ထပ်တူ ဝတ်စားဆင်ယင်နေထိုင်ကြပြီး ဘုရားသွားကျောင်းတက် အလှူမင်္ဂလာ ပွဲလမ်းသဘင်များတွင်လည်း မြန်မာဝတ်စုံလေးများဖြင့် ရိုးရိုးယဉ်ယဉ် ကျက်သရေရှိရှိ ဝတ်ဆင်လာကြသူများ ဖြစ်ကြပါသည်။

မြန်မာအမျိုးသမီးများသည် နောင်လာမဲ့အနာဂတ်ရဲ့ ကြယ်ပွင့်လေးများဖြစ်သည်နှင့်အညီ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဖြစ်တာမို့ တရားတော်နဲ့လျော်ညီတဲ့ ဆင်ယင်ထုံးဖွဲ့မှုများနဲ့သာ ဝတ်ဆင်ကြ၍ မြန်မာကို မြန်မာမှန်း အဝတ်မြင်တာနဲ့တင် တိုင်းတစ်ပါးသားတို့ သိစေချင်ပါသည်။ မြန်မာအမျိုးသမီးလေးများမှာ ရင်ဖုံးအင်္ကျီနှင့် ထဘီ(သို့) လုံချည်များ ဝတ်ဆင်ခြင်းဖြင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ကြသည်မှာ စံနမူနာဖြစ်ခဲ့သည်။ မြန်မာအမျိုးသမီးများသည် ပင်ကိုသဘာဝအရ အေးဆေးတည်ငြိမ်ပြီး စိတ်ထားနူးညံ့သိမ်မွေ့သူများ ဖြစ်သည်နှင့်အညီ ဣန္ဒြေလည်းကြီးသူဖြစ်သည်။

ထိုကြောင့် မြို့ကြီးပြကြီးများမှအစ ကျေးလက်ဒေသတောရွာများအဆုံး မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာ အလှပန်းချီဟု တင်စားခေါ်ဆိုထိုက်သော မြန်မာအမျိုးသမီးများ၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုအလှအပများကို အလှပန်းချီဆရာများက မြန်မာ့ယဉ်ကျေးမှုဆေးစုတ်တံဖြင့် စုတ်ချက်ကောင်းကောင်းခြယ်သ၍ ပြစေလိုပါသည်။ မြန်မာအမျိုးသမီးများသည်။ ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုများကို ထာဝရပိုင်ဆိုင်ထားသင့်သကဲ့သို့ အဝတ်များ ဆင်မြန်းသည့်နေရာတွင်လည်း အရှက်တရားနှင့် အကြောက်တရားများကို ထိန်းသိမ်းကာ မရိုးလွန်း၊ မဆန်းလွန်း၊ ခေတ်နောက်လည်းမကျလွန်း၊ ခေတ်ရှေ့လည်းမကျော်လွန်ဘဲ မြင်ရသူတိုင်းရဲ့ စိတ်ထဲနှလုံးသားထဲမှာ မျက်စိအကျဆုံး၊ အကြည်နူးဆုံး၊ ကျက်သရေ မင်္ဂလာအရှိဆုံးဖြစ်တဲ့ မြန်မာ့ရိုးရာဝတ်စုံများကိုဝတ်ဆင်၍ ယနေ့မြန်မာအမျိုးသမီးတို့၏ အလှအပနှင့် ရိုးရာယဉ်ကျေးမှုများကို နောင်အနာဂတ်ကာလမျိုးဆက်သစ်  မိန်းကလေးများကို လက်ဆင့်ကမ်းအမွေအဖြစ်ပေးစေချင်ပါသည်။ ထို့ကြောင့် မြန်မာတို့၏ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို  ထိန်းသိမ်းထားကြသော ဂုဏ်ယူဖွယ်ရာ မြန်မာအမျိုးသမီးလေးများ၏ ဂုဏ်ရည်ကို ဆက်လက်မြင်တွေ့ချင်ပါကြောင်း ၂၀၂၅ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အကြို ဂုဏ်ပြုဆောင်းပါးတွင် ဆန္ဒပြုရင်း တိုက်တွန်းရေးသားလိုက်ရပါတော့သည်။

ဇေယျာနိုင်(ရွှေကန်မြေ)