မင်းဘူး ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကမ်းနီဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းစီမံကိန်းဧရိယာအတွင်း စိုက်ပျိုးထားသောနွေစပါးအောင်နိုင်တိုးစပါးမျိုး အကွက်ကျယ်စံပြကွက်ရိတ်သိမ်းခြင်းကို ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ထိန်တောကျေးရွာ၌ ဆောင်ရွက်ခဲ့ရာ တစ်ဧကပျမ်းမျှအထွက်နှုန်း စပါးအစို တင်း ၁၄၀ ကျော် ထွက်ရှိခဲ့ကြောင်းသိရသည်။
ထိုသို့ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနဝန်ထမ်းများနှင့် ဒေသခံတောင်သူများပူးပေါင်းကာ ထိန်တောကျေးရွာအုပ်စု ကွင်းအမှတ် ၁၄၂၆ ရှိ တောင်သူဦးထွန်းရီ၏ လယ်မြေ၌မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်းပညာများ ပံ့ပိုးကူညီမှုဖြင့် စိုက်ပျိုးထားသောနွေစပါးအောင်နိုင်တိုးစပါးမျိုး အကွက်ကျယ်စံပြကွက် စိုက်ခင်းဧရိယာတစ်ဧကအတွင်း၌ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်းများဆောင်ရွက်ခဲ့ရာ တစ်ဧကပျမ်းမျှအထွက်နှုန်းအားဖြင့် စပါးအစိုထွက် ၁၄၅ ဒသမ ၄၅ တင်းနှုန်းထွက်ရှိခဲ့ပြီး ဒေသခံ တောင်သူများ နွေစပါးစတင်ရိတ်သိမ်းချိန် စပါးအထွက်နှုန်းများ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စံပြကွက်ရိတ်သိမ်းဆောင်ရွက်နေမှုကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ဒေသတွင်းစိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အောင်နိုင်တိုးစပါးမျိုးအား သက်တမ်းတိုပြီး စပါးအထွက်နှုန်းတိုးတက် ကောင်းမွန်သည့်အတွက် အဆိုပါစပါးမျိုးသစ်အား ဒေသအတွင်းရှိ တောင်သူများအနေဖြင့် တွင်ကျယ်စွာ အသုံးပြုစိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေးနွေးပြောကြားကာ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍလိုအပ်ချက်တင်ပြမှုများအပေါ် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ကမ်းနီဆိုလာလျှပ်စစ် မြစ်ရေတင်လုပ်ငန်းစီမံကိန်းဧရိယာအတွင်း နွေစပါးကိုအောင်နိုင်တိုးစပါးမျိုးသစ် ဧက ၁၀၀ အပါ အဝင် နွေစပါး စုစုပေါင်း ၁၁၆၅ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အလားတူ မကွေးတိုင်း ဒေသကြီးအတွင်း၌ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် အောင်နိုင်တိုး စပါးမျိုးသစ်ကို အသုံးပြုပြီး မိုးစပါးကို ၅၃၀ ဧကနှင့် နွေစပါးကို ၅၄၈၈ ဧက စိုက်ပျိုးနိုင်ခဲ့သည့် အတွက် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် အောင်နိုင်တိုး စပါးမျိုးသစ်ကို ၁၃၆၃၃ ဧကအထိ တိုးတက်စိုက်ပျိုး သွားမည်ဖြစ်ကြောင်း၊ အောင်နိုင်တိုးစပါးမျိုးကို စိုက်ပျိုးခြင်းအားဖြင့် ဧရာမင်း အပါအဝင် အခြားသော စပါးမျိုးများထက် သက်တမ်းတိုကာ စပါးအထွက်နှုန်းတိုးတက်ကောင်းမွန်ပြီး အဘက်ဘက်မှ အကျိုးအမြတ်ရရှိနိုင်သည့်အပြင် သီထပ်စွမ်းအားမြှင့်တင်၍ သီးနှံစိုက်ပုံစံမှန်ကန်စေမည်ဖြစ်ကာ တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)