ထားဝယ်မြို့၌၂၀၂၅-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

ထားဝယ် ဇွန် ၂၂

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကိုရည်ရွယ်၍ ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ ဆန်းချီရပ်၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အိမ်ရာဝင်းအတွင်း၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက တက်ရောက်လာသူများအား သစ်ပင်ပျိုးပင်များပေးအပ်ပြီး ကံ့ကော်ပျိုးပင်အား စတင်စိုက်ပျိုးပေးသည်။

ထို့နောက်တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ထားဝယ်ခရိုင်ဥပဒေရုံးနှင့်မြို့နယ်ဥပဒေရုံးများမှအရာထမ်း၊ အမှုထမ်းများမိသားစုဝင်များတို့က ဝန်ထမ်းအိမ်ရာဝင်းအတွင်း ပျိုးပင်အမျိုးအစား(၁၀)မျိုး စုစုပေါင်းပျိုးပင်(၈၀)ပင်အား တပျော်တပါးစုပေါင်းစိုက်ပျိုးပေးပြီး တာဝန်ရှိသူများက သစ်ပင်ပျိုးပင်စိုက်ပျိုးပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။

သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့၊ ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေထိန်းသိမ်းစို့၊ သစ်တောသစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ထာဝစဉ်၊ ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း စသည့် ဆောင်ပုဒ်များနှင့်အညီ အိမ်ရာဝင်းအတွင်း၌ ကံ့ကော်၊ ခရေနှင့် အခြားပျိုးပင်များအား စိုက်ပျိုးပေးကြကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)