ဟိုင်းကြီးကျွန်းမြို့၌ လိုင်စင်မဲ့ယာဥ်များ စီးနင်းမှုမရှိစေရေးနှင့် မြို့အဝင်/အထွက် လုံခြုံရေးစစ်ဆေးခြင်းတို့ကို ပြုလုပ်

ဟိုင်းကြီးကျွန်း ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် လိုင်စင်မဲ့ယာဥ်များ စီးနင်းမှုမရှိစေရေးနှင့် မြို့အဝင်/အထွက် လုံခြုံရေးစစ်ဆေးခြင်းတို့ကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က လူစည်ကားရာ ဟိုင်းကြီးကျွန်းမြို့အဝင်တံတားထိပ်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတာဝန်ရှိသူများမှ စုပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် တာဝန်ရှိသူများသည် ဟိုင်းကြီးကျွန်းမြို့ မြို့အဝင်တံတားထိပ်နှင့် လူစည်ကားရာ လမ်းဆုံလမ်းခွများသို့ သွားရောက်ပြီး လိုင်စင်မဲ့ယာဥ်များ စီးနင်းမှုမရှိစေရေးနှင့် ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း ရှိ/မရှိ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စည်းကမ်းမလိုက်နာသူများအား သတိပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတာဝန်ရှိသူများသည် ဟိုင်းကြီးကျွန်းမြို့အတွင်း လုံခြုံရေးကျိုးပေါက်မှုများ မဖြစ်ပွားစေရန်အတွက် ဆိုင်ကယ်များ၊ ကားများနှင့် ဟိုင်းကြီးကျွန်းမြို့အတွင်းသို့ ဝင်ထွက်သွားလာနေသည့် ခရီးသွားများနှင့် ယာဥ်များအား သေချာစွာ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း၊ ပြန်/ဆက်)