တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု များကိုကြည့်ရှုအားပေး

ပုသိမ် ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများသန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့်လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ စက်တော်ဘုရားနှင့် စက်တော်ရာဘိုးဘွားရိပ်သာတို့တွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊  ဌာနဆိုင်ရာများ၊ ပြည်သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများရေစီးရေလာ ကောင်းမွန်ရေးအတွက်စနစ်တကျဆောင်ရွက်ရေး၊ ခြုံနွယ်များစနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ အလားတူ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဈေးချောင်းလမ်းဘေးတွင် ဆိုင်ကယ်နှင့်ကားများရပ်နားနိုင်ရန် (၉၀ပေ×၃၂ပေ×၈ပေ)ပါကင်တည်ဆောက်မည့် အဆိုပြုနေရာအားလည်းကောင်း၊ ကမ်းနားလမ်း(ကျောက်ထီးမှကုလားတန်းတံတားအထိ) လမ်းဘေးဝဲယာတွင် ပလက်ဖောင်းလျှောက်လမ်းဆောင်ရွက်မည့်နေရာအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ရာ စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများက ဆိုင်ကယ်နှင့်ကားများစနစ်တကျရပ်နားရန် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြို့အင်္ဂါရပ်နှင့်အညီသန်ရှင်းသာယာလှပရေးနှင့် ပြည်သူများလမ်းလျှောက်အပန်းဖြေနိုင်ရေးအတွက် ပလက်ဖောင်းလျှောက်လမ်းတည်ဆောက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းမကြီးများတွင် ယာဉ်ကြောကြပ်တည်းမှုမဖြစ်စေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ ပြည်သူများအပန်းဖြေနားနေနိုင်ရေးနှင့် သန့်ရှင်းသာယာလှပစိမ်းလန်းစိုပြေရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် မြို့မိမြို့ဖများ၊ ပြည်သူများ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်သုံးဆင့်ပန်းခြံအတွင်း၌ သန့်ရှင်းရေးဆောင်ရွက် နေမှုများ၊ ကန်သုံးဆင့်ပန်းခြံအဆင့်မြှင့်တင်ခြင်း တတိယပိုင်းဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊ ကန်သုံးဆင့်ရေကန် (၁၃၀၀ပေ× ၃၀၀ပေ× ၃ပေ) ဧရိယာတူးဖော်ပြီးစီးမှုနှင့် (၁၄၀၀ပေ× ၄၀ပေ× ၆ပေ) တာဘောင်တိုးချဲ့ဧရိယာ လုပ်ငန်းဆောင်ရွက်ပြီးစီး၍ တိုးချဲ့တာဘောင်တွင် မြက်များစနစ်တကျ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်ရှိသည့် မြေလွတ်နေရာတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ကန်ပတ်လမ်းတစ်လျောက် အမှိုက်ကင်းစင်ရေး၊ အမှိုက်ပုံးများထားရှိ၍ အမှိုက်များစနစ်တကျစွန့်ပစ်စေရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ကိုးဆူကျေးရွာရှိ ဦးဝင်းလွင်၏လယ်မြေတွင်ပြုလုပ်သည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မြေခံထည့်သွင်း စိုက်ပျိုးခြင်းနှင့် ပေါ်ဆန်းမျိုးစပါး ကောက်စိုက်သမများနှင့် စိုက်ပျိုးခြင်းအခမ်းအနားသို့ တက်ရောက် ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးနှင့် တစ်ဧကအထွက်နှုန်းများပိုမိုတိုးတက်ထွက်ရှိရေးအတွက် မျိုးကောင်း၊ မျိုးသန့် စပါးများရွေးချယ်စိုက်ပျိုးရေး၊ လယ်ဧကများတွင် ပျက်စီးသွားသည့် မြေဆီ၊ မြေဩဇာများပြန်လည် ကောင်းမွန်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးရေး၊ ကြဲခင်းစနစ်များ လျော့နည်းပပျောက်ရေး၊ အထွက်နှုန်းများတိုးတက်ရေးအတွက်လိုအပ်သည့် မျိုး၊ မြေ၊ ရေနည်းများကို သက်ဆိုင်ရာစိုက်ပျိုးရေးပညာရှင်များနှင့် ပေါင်းစပ်စိုက်ပျိုးသွားနိုင်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ပြီး ကောက်စိုက်သမများအတွက် စားသောက်ဖွယ်ရာများနှင့်ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)