ပွင့်ဖြူ ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သံကိုင်းကျေးရွာ၌ (၁၁)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အကြီးတန်းစာရေး ဒေါ်ငြိမ်းငြိမ်းစံက ကျေးရွာတာဝန်ရှိသူများ၊ အသင်းသား၊ အသင်းသူများကိုတွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းအကျိုးကျေးဇူးများနှင့် လိုက်နာရမည့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းစက်ဝန်းကာလ သတ်မှတ်ချက်များ၊ အတိုးနှုန်းသတ်မှတ်ချက်များ၊ ငွေစာရင်းဇယားပြုစုထိန်းသိမ်းရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး အကြီးတန်းစာရေး ဒေါ်ငြိမ်းငြိမ်းစံက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၅၇ ဒသမ ၂ သန်းကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက သံကိုင်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၃၄ ဦးကို ငွေကျပ် ၂၁ ဒသမ ၇ သန်း ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၆ ဦးကို ငွေကျပ် ၂၆ ဒသမ ၅ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၁၄ ဦးကို ငွေကျပ် ၄ ဒသမ ၉ သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၇ ဦးကို ငွေကျပ် ၁ ဒသမ ၈၅ သန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၉ ဦးကို ငွေကျပ် ၂ ဒသမ ၂၅ သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၇၀ ဦးကို ငွေကျပ် ၅၇ ဒသမ ၂ သန်းအား ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)