ဘားအံ ဇွန် ၂၂
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ စာကြည့်တိုက်များဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဦးစွာ ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ထောက်ပံ့ငွေကျပ်သိန်း(၁၅၀)ဖြင့်ဆောက်လုပ်ခဲ့သည့် ပန်တော်ရိပ်စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စာကြည့် တိုက်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပါဝင်အားဖြည့်ကူညီပေးကြသည့် ယဉ်ကျေးမှုမောင်မယ်များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက စာကြည့်တိုက်ဖွင့်ပွဲ အထိမ်းအမှတ်ကမ္ပည်းမော်ကွန်အား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြပြီး စာကြည့်တိုက်အတွင်း ပညာရပ်အလိုက်စာအုပ်စာစောင်များခင်းကျင်းထားရှိမှုနှင့်ဒေသခံများလာရောက် စာပေလေ့လာဖတ်ရှုနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ်(၂)ရပ်ကွက် အုန်းတော၊ ဆွေမြတ်မျိုးကြွယ် ပရိယတ္တိစာသင်တိုက်ရှိ ပညာဘဏ်စာကြည့်တိုက်ဖွင့်ပွဲကိုကျင်းပရာ မြိုင်ကြီးငူနန်းဦးဘေးမဲ့တောရကျောင်းဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ သီရိပျံချီ ဘဒ္ဒန္တဉာဏိက၊ ဆွေမြတ်မျိုးကြွယ် ပရိယတ္တိစာသင်တိုက် နာယကဆရာတော်ဘဒ္ဒန္တခေမိက၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြကာ စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် အဆိုပါစာကြည့်တိုက်အဆောက်အအုံသစ်များ ဖွင့်ပွဲအခမ်းအနားကို ဆွေးမြတ်မျိုးကြွယ်ပရိယတ္တိစာသင်တိုက် သီရိဓမ္မဓမ္မာရုံ၌ကျင်းပရာ အခမ်း အနားကိုနမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒေသခံပြည်သူများ ကျောင်းသား၊ကျောင်းသူများအသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာကြည့်တိုက်သို့သွားရောက်ပြီး စာပေဖတ်ရှုလေ့လာစေခြင်း၊ အသိပညာဗဟုသုတများ ကိုကူးယူရေးမှတ်စေခြင်း၊ ဆွေးနွေးတိုင်ပင်စေခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်စေရေး တိုက်တွန်းနိုးဆော်ပေးကြစေလိုကြောင်း၊ မိမိတို့လက်လှမ်းမှီနိုင်သည့်နေရာတိုင်းတွင် စာပေဖတ်ရှုနိုင်ရန် ကျေးရွာတိုင်း/ရပ်ကွက်တိုင်းတွင် စာကြည့်တိုက်များရှိအောင် ဆောင်ရွက်ပေးနေခြင်းဖြစ်သည့်အတွက် မိမိတို့ဘဝကိုအောင်မြင်တိုးတက်အောင်၊ အမှားအမှန်ခွဲခြားနိုင်အောင်၊ အသိပညာဗဟုသုတများတိုးပွားအောင် စာကြည့်တိုက်ကိုသွားရောက်ပြီး စာပေလေ့လာဖတ်ရှုကြစေလိုကြောင်း တိုက်တွန်းပြောကြား သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် မြိုင်ကြီးငူနန်းဦးဘေးမဲ့တောရကျောင်းဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ သီရိပျံချီ ဘဒ္ဒန္တဉာဏိကထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ မဟာမင်္ဂလဓမ္မဇောတိကဓဇဘဒ္ဒန္တသီရိဓမ္မထံမှ ဩဝါဒကထာကို နာယူကြည်ညိုကြသည်။
ထို့နောက် စေတနာရှင်အလှူရှင်များက ပန်တော်ရိပ်စာကြည့်တိုက်အတွက် ငွေပဒေသပင်ကျပ် ၁၀ သိန်းကို ပြည်နယ်ဝန်ကြီးထံပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့က အဆိုပါစာကြည့်တိုက်နှစ်တိုက်အတွက် သုတ၊ ရသစာအုပ်စာစောင် ၁၅၀ အုပ်စီကို ပြည်နယ်လှူမှုရေးဝန်ကြီးထံပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကာ ကမမောင်းမြို့အုပ်ချုပ်ရေးမှူးကပန်တော်ရိပ်စာကြည့်တိုက်နှင့်ပတ်သက်သည့်အချက်အလက်များကို စာကြည့် တိုက် ကော်မတီဝင်တစ်ဦးထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆရာတော်၊ သံဃာတော်များအား ဆန်၊ ဆီအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)