ဘိုကလေး ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးကုတင်(၁၀၀)ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများမှ ဒေသခံပြည်သူများကို နယ်လှည့် ဆေးကုသခြင်း လုပ်ငန်းအား ယမန်နေ့နံနက်(၉)နာရီအချိန်မှစတင်ကာ ဘိုကလေးမြို့၊ မလော့ကျေးရွာအုပ်စုရှိ ကံကော်တစ်ထောင်ဘုရား၊ သာသနာ့ဗိမာန်တော်တွင်ကျင်းပဆောင်ရွက်ခဲ့သည်။
ဆေးကုသခြင်းလုပ်ငန်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ဘိုကလေးကုတင်(၁၀၀)ပြည်သူ့ဆေးရုံအုပ်ကြီး၊ ဒေါက်တာရဲဝင်းထွန်းဦးဆောင်သော သွားနှင့် ခံတွင်းအထူးကုဆရာဝန်ကြီးများ၊ အရိုးအကြောအထူးကုဆရာဝန်ကြီးများ၊ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများ၊ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများ၊ ULTRASOUND ဆရာဝန်ကြီးများက ကံကော်တစ်ထောင် ဘုရားပတ်ဝန်းကျင် ရှိ ကျေးရွာအုပ်စုများဖြစ်ကြသော မလော့၊ အေးရွာ၊ မဂူ၊ ညီနောင်ဝ၊ ညီနောင်ဖျား၊သာပေါင်း၊ သဗြုကုန်း၊ ပိုက်စလကျေးရွာအုပ်စုများမှပြည်သူများအား ဆေးဝါးကုသပေးခဲ့ကြောင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့်လည်း ဒေသခံများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးခဲ့ကြောင်းနှင့် ဆေးဝါးကုသရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့မှလည်း ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မိုးစက်(ဘိုကလေး)