ထားဝယ် ဇွန် ၂၂
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အတူတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ထားဝယ်ဘိုးဘွားရိပ်သာဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ထားဝယ်ဘိုးဘွားရိပ်သာဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်၍ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရိပ်သာအတွင်း၌နေထိုင်သည့်သက်ကြီးဘိုးဘွားများအား ရင်းနှီးနွေးထွေးစွာ လိုက်လံနူတ်ဆက်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဘိုးဘွားများအားအလှူငွေများပေးအပ်ပြီး၊ ဘိုးဘွားများ၏ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေ၊ ကျွေးမွေးနေသည့်စားသောက်ဖွယ်ရာများနှင့် လိုအပ်သည်များကိုတာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်မြို့တော်ခန်းမ အဆောက်အဦတည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဆောက်လုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အဆောက်အဦအသစ်ဆောက်လုပ်နေမှုအခြေအနေများ၊ ထားဝယ်မြို့တော်ခန်းမ လမ်းခင်းခြင်းနှင့် ဆက်စပ်သောလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု(မြေဖို့ခြင်း၊ရေမြောင်းနှင့်ရေမြောင်းဖုံး)၊ ကားပါကင်တည်ဆောက်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မြေကာနံရံတည်ဆောက်နေမှု၊ အဝင်လမ်းအား Box Culvert နှစ်စင်းတည်ဆောက်ခြင်း၊ အုတ်စီရေမြောင်းနှင့်ရေမြောင်းဖုံးပြုလုပ်နေမှု၊ လျှပ်စစ်လုပ်ငန်း၊ ရေသန့်လုပ်ငန်းများ၊ အဆောက်အဦပြင်ပ ဆက်စပ်လုပ်ငန်းများနှင့်လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆောက်အဦအား အချိန်မီပြီးစီးအောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သတ်မှတ်အရည် အသွေးစံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားပြီး အဆောက်အဦအတွင်း တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာ့ဗိမာန်ပင်မဆောင်အမိုးနှင့်မျက်နာကျက် ပြုပြင်မွမ်းမံနေမှုအားကြည့်ရှုစစ်ဆေးပြီး ပင်မဆောင်အတွင်းကျိုးပဲ့နေသည့် ကြွေပြားများအား အသစ်လဲလှယ်ဆောင်ရွက်သွာရန်လိုအပ်ကြောင်း၊ သံဃာတော်များ နားနေဆောင်တွင် ယိုယွင်းနေသော အမိုးများအား ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်မြို့ကျက်သရေဆောင် လောကမာရ်ဇိန်ဘုရားကြီး၌ ကိန်းဝပ်စံပယ်တော်မူနေသာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီးမီး ကပ်လှူပူဇော်ပြီး လောကမာရ်ဇိန်ဘုရားကြီးအတွင်း ဆောင်ရွက်နေသည့် မျက်နှာကျက်ဆေးသုတ်နေမှုအား ကြည့်ရှုစစ်ဆေးကာ ဘုရားဖူးလာပြည်သူများစိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေးနှင့်ဘုရားကြီးအားကြည်ညိုဖွယ်ဖြစ်အောင် လျှပ်စစ်မီးလုံလောက်စွာ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မျက်နှာကျက်တွင် ရွှေရောင်လင်းလက်တောက်ပစေရန်ရွှေရောင်လိုင်ကာ ဆေးသုတ်ပေးရန်လိုအပ်ကြောင်း၊ ဘုရားကြီးဓမ္မာရုံအား မှန်စီရွှေချဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လျှောက်လမ်းများတွင် ခင်းကျင်းထားမည့် ကော်ဇောများလဲလှယ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်ပညာရေးဒီဂရီကောလိပ်ဝင်းအတွင်း တည်ဆောက်ပြီးစီးနေပြီဖြစ် သော (၄)ခန်းတွဲ ဈေးဆိုင်ခန်းအားကြည့်ရှုစစ်ဆေးပြီး အဝင်ဝနံဘေးတွင် လက်ဆေးဘေစင်နှင့်အမှိုက်ပုံးများ စီစဉ်ဆောင်ရွက်ပေးထားရန်လိုအပ်ကြောင်းမှာကြားပြီး အမှတ်(၁)အခြေခံပညာအထက်ကျောင်းဝင်းအတွင်းတည်ဆောက်နေသည့် Hall ခန်းမအား ကြည့်ရှုစစ်ဆေးကာ Hall ခန်းမနှင့်ကျောင်း၏လိုအပ်သည်များကို ဖြည့်စည်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း တာဝန်ရှိသူများအားမှာကြားကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)