ရေးမြို့နယ်၌ မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး(မြို့နယ်အဆင့်)  ဇာတ်တိုက်လေ့ကျင့်

ရေး ဇွန် ၂၂

မွန်ပြည်နယ်၊ ရေးခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ဦးဆောင်ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေးအတွက် မုန်တိုင်းဘေးနှင့်ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး (မြို့နယ်အဆင့်) ဇာတ်တိုက်လေ့ကျင့်ခြင်း  အခမ်းအနားကို ဇွန်လ ၂၀ ရက်နေ့က ရေးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြကန်သာကျုံးနှင့် ရန်ကြီးအောင် အရန်မီးသတ်စခန်းတွင် ဆောင်ရွက်သည်။

အခမ်းအနားတွင် ရေးမြို့နယ်၊ တပ်နယ်မှူးဗိုလ်မှူးကြီး ကောင်းဇော်မြင့်၊ ရေးခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းမင်း(ခေတ္တ) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်း၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်မီးသတ်ဦးစီးဌာနမှူး  ဦးသန်းဌေးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အလိုက်   ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၏ သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်မှုအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သည့် မြစ်ရေကြီးမှုသတိပေးချက်အား အသိပေးနှိုးဆော်ခြင်း၊ မုန်တိုင်းဘေးအန္တရာယ်ခံစားရသော ပြည်သူများ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်း၊ ရေကြီးရေလျှံမှုကြောင့် မြစ်အတွင်းမျောပါလာသော လူနာများအားရှာဖွေကယ်ဆယ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကိုကြည့်ရှုအားပေးပြီး  အရေးပေါ်အခြေအနေဖြစ်လာပါက တုံ့ပြန်နိုင်ရေးအတွက်(လူ၊ပစ္စည်း၊ယန္တရား)စုဖွဲ့ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရေးမြို့နယ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီး ကောင်းဇော်မြင့်နှင့် ရေးခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းတို့က သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားရှိရမည့်အချက်များကို ဖြည့်စွက်မှာကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးသန်းဌေးအောင်အား ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရှင်းသန့်ဖြူ