မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွာသာရွာမှ တောင်သူများ သိုးနှင့်ဆိတ် တစ်ပိုင်တစ်နိုင် မွေးမြူခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေအထောက်အကူပြု

မင်းဘူး  ဒီဇင်ဘာ  ၁၅

 မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွာသာရွာမှ တောင်သူများသည် ရာသီဥတု မကောင်း၍ သီးနှံများ စိုက်ပျိုးရာတွင် ဖြစ်ထွန်းမှု နည်းသည့်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် သိုးနှင့်ဆိတ်ကို တွဲဖက် မွေးမြူထားကြကြောင်း ရွာသာကျေးရွာမှ တောင်သူ တစ်ဦးထံမှ သိရသည်။

သိုးနှင့် ဆိတ်အတွက် အစာများကတော့ အိမ်မှာထွေထွေ ထူးထူးမကျွေးရဘဲ မင်းဘူးမြို့နယ် အတွင်းရှိ လမ်းဘေးတစ်လျှောက်နှင့် မစိုက်ရသေးသော စိုက်ခင်းများ၊  မြေဇာပင်၊ ခံပင်၊ ဇီးပင်၊ ခြုံပင်များ ပေါက်ရောက်သော စားကျက်များတွင် နံနက်တစ်ကြိမ် ညနေဘက် တစ်ကြိမ် လွှတ်ကျောင်းခြင်းဖြင့် သိုးနှင့် ဆိတ်များအတွက် အစားအစာ ကုန်ကျစရိတ် သက်သာကြောင်း၊ အခြား မည်သည့် ဖြည့်စွတ်စာမျှ ထူးထူးထွေထွေ မကျွေးရကြောင်း၊ သိုးကျောင်းမည့်သူနှင့် ခြံသန့်ရှင်းရေးလုပ်သူ နှစ်ဦး ထားပေးရကြောင်း သိရသည်။

" ဦးလေးတို့ခြံမှာ သိုးနှင့် ဆိတ် အကောင် ၃၀၀ မွေးထားပါတယ်။ ဆိတ်ကတော့ အကောင် ၂၀ လောက်ရှိတယ်။ မိုးတွင်း ပူပြင်းတဲ့ အချိန်နဲ့ နွေရာသီတွေမှာ ၅/၆ ရက်တစ်ကြိမ် မြစ်ဆိပ်သွားပြီး ရေချိုးပေးရတယ်။ ၁ နှစ်ကို ၁၅သိန်း ဝန်းကျင် အမြတ်အစွန်းရပြီး သိုးတစ်ကောင် အရောင်း အဝယ်လုပ်မယ် ဆိုရင်တော့ ၈၀၀၀၀ ဝန်းကျင်ရှိကြောင်း၊ ကုန်သည်၏ ဝယ်လိုအားနှင့် သိုး ချောသည့် သန့်သည့် အပေါ်မူတည်ပြီး ဈေးအနိမ့် အမြင့်ရှိကြောင်း၊ တောင်သူ လုပ်ငန်းအပြင် သိုးနှင့် ဆိတ်ပါ တွဲဖက် မွေးမြူတဲ့အတွက် အထောက်အကူဖြစ်ပြီး ဝင်ငွေရပါတယ် '' ဟု ရွာသာ ကျေးရွာမှ တောင်သူ လုပ်ငန်းအပြင် သိုးနှင့် ဆိတ်များပါ တွဲဖက် မွေးမြူသူ ဦးပေါက်စက ပြောသည်။

ဇေယျာထက် (မင်းဘူး)