အောင်လံမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး သရုပ်ပြပွဲကျင်းပ

အောင်လံ ဇွန် ၂၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးသရုပ်ပြပွဲကို ဇွန်လ ၂၀ ရက်နေ့က အောင်လံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှရွှေက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နေထိုင်သည့်မြို့အား မြို့အင်္ဂါရပ်နှင့်အညီ (Clean City), (Green City), (Smart City)မြို့ ဖြစ်စေရေးအတွက် အရေးပါသည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် အမှိုက်များအား အမှိုက်အမျိုးအစားအလိုက် အရောင်ခွဲခြားစွန့်ပစ်ရေး မြေဆီလွှာညစ်ညမ်းခြင်း၊ လေထုညစ်ညမ်းခြင်း၊ ကူးစက်ရောဂါများ၊ ပြန့်ပွားခြင်း (ဥပမာ-ဝမ်းရောဂါ၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးရောဂါ)များ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ရေးစသည့် အကြောင်းအရာများကိုပြောကြားခဲ့ပြီး၊ အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီလင်းမှ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးခဲ့သည်။

ထို့နောက် အောင်လံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/ ကျောင်းသူလေးများမှအမှိုက်ခွဲခြားစွန့်ပစ်ခြင်းကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)